တာရာမင်းဝေ ရေးခဲ့တာပါ ပျောက်ကွယ်လုလုဖြစ်နေလို့ ပြန် တင် လိုက် တာ ပါ
အခုလိုလှပအေးစက်တဲ့ ညမှာပဲ ငါပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာခြံရံပြီးကြွေကျသွားတယ်.......
တိမ်လွာမျဉ်းကောက်တွေ
ကလည်းချစ်သူတစ်ယောက်ရဲ့
မီးအိမ်မက်မှာရွှေမျက်ရည်စို့လက်
လာပြီလို့
မှိုင်းညှို့နေတဲ့ကောင်းကင်ကြီးကိုတီးတိုးပြောကြားလိုက်တယ်.....
ချစ်ခြင်းမေတ္တာဟာမှော်ဆရာတစ်ယောက်ရဲ့
နိဂုံးလိုနောက်ဆုံးမှာ မီးခိုးလုံးများဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်.....
လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်ဘုရားရှင်ဆီမှာနင်လက်တွေဖြန့်ကား တောင်းခံခဲ့သလဲ..
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ် .......
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ခွေးကလေး
ပါပဲ.....
လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်ခုမှ စပယ်ရွက်ပေါ်မူးလဲ အသဲကွဲတယ်ဆိုတာ
သီချင်းလေးတွေတိုးတိုးညီးရင်းက ထိရှခဲ့တဲ့သွေးမဲ့
ဒဏ်ရာတစ်ချက်ပါ.....
သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘုရားရဲ့
သတိရခြင်းမျိုးက ငါ့ကိုဆီးမိုးထားတယ်.....
စက်ရုပ်ကိုတောင်
ဒူးထောက်ကျစေတဲ့ နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ ငါဘယ်လိုမှ မေ့လို့မရတဲ့
မဟာလင်္ကာ တစ်ပိုင်းတစ်စရှိနေလေရဲ့......
အဲဒီလိုနဲ့ပဲငါပြန်လည်ချည်နှောင်ခဲ့ပါမယ် ချစ်သောဖဲဝါ
ကြိုးကလေးရယ်....
လက်နက်မပါပဲ စစ်ဝင်္ကဘာမှာငါဘယ်လိုမှ မတိုက်ရဲ ဘူး.....
ညံတယ်လို့ပဲ လက်ညှိုးထိုးပြီးပြောလိုက်ပါတော......
လျှပ်စစ်မျဉ်းတန်းလိုပူ
လင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ပွေဖက်မှုထဲ
ခုရထားတိုးဥသြဆွဲလိုက်ကြပြီ........ပြီးဆုံးသွားပါပြီ......အရာအားလုံးပြီးဆုံးသွားပါပြီတဲ့...
အရှေ့လေတွေတိုက်တုန်းက ခါးကုန်းနေတဲ့ ငါတို့ရဲ့
မြရာပင်အိုကြီးဟာတုန်ယင်ချည်နဲ့ စွာနဲ့ ယိမ်းထိုးနေတော့တယ်....
ကျောင်းတော်ရဲ့ စည်းအပြင် နှောင်းရိပ်တွေတစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား လမ်းပေါ်မှာငါစဉ်းစားတာ
နင့်အကြောင်းခေါင်းစဉ်များစွာပါပဲ.....
ထိပ်ထားရယ် အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့ နင်နဲ့ ငါနဲ့ ပြန်လည်ဆုံတွေ့ကြရင်
အဲဒီအကြောင်းတွေပြောပြချင်သေး
တယ်.......
ငါက ဆပ်ပြာဖူဘောင်းကို ခိုစီးပြီး
မြင်မိုရ်တောင်နဲ့ ၀င်တိုက်မိမှာစိုးရိမ်ရှာသူမဟုတ်ခဲ့...ဒါပေမယ့်
လေပွေလမ်းကြောင်းမှာတုန်ဝါဖျော့
အေး ` သစ္စာ´ ကိုပဲတင်သံနဲ့ ပဲ
ပြန်ပေးနိုင်ခဲ့သူ.....
ငါ့ကိုသတ် ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်
ဆုပ်ထားတဲ့
သုညတစ်လုံးပဲရှိလိမ့်မယ်.....
ဝိုင်ယာကြိုးတွေ`ထောင်း´ ခနဲ
မီးပွင့်ပြတ်တောက်ပြီး ရုတ်ချည်းမှောင်ကျသွားတဲ့ အန္ဒတို့ ရဲ့ အိမ်အိုမှာ
တေလေပီသစွာငါနေတယ်......
တိတ်ဆိတ်ပြာလဲ့နေတဲ့ ညမှာ ရေတွင်းထဲကို
ခေါင်းငုံ့ ပြီး`...............´ကိုချစ်
တယ်လို့ ဘယ်ဆီဘယ်ဝယ်
ဟစ်အော်တမ်းတရတာ ဘာ့ကြောင့်ပါလဲကွယ်.....`အုံပုန်းချစ်´
သီချင်းကိုမဆိုချင်ပဲဆိုရတာ ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးတစ်လုံးကို
ကိုက်မျိုရသလိုပဲလို့ အက်ကွဲနေတဲ့ မယ်ဒလင်ကြီးကငါ့ကိုပြောတယ် အဲဒီလိုနဲ့
မိုးကိုဆန့်မြှောက်ထားတဲ့ မမီနိုင်သော ကမ်းလက်တွေဟာ ဟိုတုန်းကလိုပဲ
ငါဆီမှာ မြေမှုန်တွေစွန်းထင်းလျှက်ပါပဲလေ...
လူဆိုတာ လင်းဝေစိမ်းမြတဲ့
ပန်းညများစွာထက် သရဲခြောက်ရာညတစ်ညကို ပိုသတိရတတ်တယ်.........
ငါသေသွားခဲ့လို့ရှိရင် ငါ့ရဲ့ သင်္ချိုင်း ဂူမှာကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ .တစ်ကယ်တော့ အဲဒါဟာငါသိသမျှ လောကဓမ္မ
ကိုအကြွင်းမဲ့ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်..
ဟိုးငယ်ငယ်ကျောင်းမပြေးတတ်ခင်တုန်းက ခရေပွင့် ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေရဲခနဲနေအောင်သုတ်သွားဖူးတယ်.......
ငါ့သတ္တိကောင်းကင်မှာ
နီလွင်ထစ်ချုန်း တစ် နှစ် သုံး အနစ်ရှိုင်းဆုံး
ထိုးကျပစ်လိုက်တယ်.....
ထူးလှတယ်
တော့လည်းမဟုတ်ပါဘူးလေ ကြောက်မက်ဖွယ်ရာ
လူတွေရဲ့ မဟာဘုတ်ဗေဒင်ထဲမှာမှ ငါကလည်းအဓိပတိ ပွားဖြစ်ချင်ခဲတာကိုး....
မြောက်လေသွေးတိုင်း မွေးမြတဲ့ မျက်ရည်ရနံ့တွေလူငယ်တစ်ယောက်ရဲ့
လာရာလမ်းမှာ ခုထက်ထိ သင်းပျံဆွတ်ပေနေတယ်ဆိုတာကို ဘယ်သူကများ
မျှဝေခံစားပေးခဲ့သလဲ.. အိမ်အပြန်ညများစွားမှာ ဘယ်သူမှမပြောချင်တဲ့
စကားတွေပွေပိုက်ကိုယ့်ကိုယ်ကို လူမိုက်လို့ ပြန်ခေါ်ခဲ့ရတယ် .. 1993-94
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ လမ်းဘေး အုတ်ခုံပေါ်လဲကျနေတယ်.........
.နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့ နိမိတ်မကောင်းတဲ့ ပုံပြင်
မမြင်ဖူးသောနေ့များ ညများ ပိတောက်ကိုင်းဖျားမှာ ၀ပ်တွားစုရုံး
ငါ့ကိုချည်ထုံးခဲ့တာ (ခုချိန်တိုင်အောင်) အလင်းစိမ်းတန်းတွေ
ရစ်ဖွာလို့ကွယ် . မြို့ပြင်လမ်းကွေ့က တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး သွေးအေားအေးနဲ့
ကြိုးစားမွေးနိုင်ခဲ့ပြီ.....
နာကျည်းချက်တွေကိုလက်ချိုးရေနေတဲ့
လူငယ်တစ်ဦးကို သူ့အလှည့်ကျမှ မတရားဘူးလို့
ဘာကြောင့်ပြောချင်ကြသလဲ...
ဘာပဲဖြစ်ဖြစ် ကျောက်ခေတ် ကြေးခောတ်
နူကလီးယားကင်ဆာ အနာဂတ်ခောတ် အားလုံး အတွက်သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင်ကိုထာဝရ ချစ်နေမယ်ဆိုတာပဲ .. `...................´ ရေ
ဖြစ်နိုင်မယ်ဆိုရင် ဂန္တ၀င်ပန်ပုရပိုဒ်မှာနန်းသုံး အက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို စီရင် သီကုံးပေးချင်တယ် ...နင့်အပေါ်ထားတဲ့
ငါ့ရဲ့ ချစ်ခြင်းမေတ္တာဟာ မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာလင်းမြတုန်ခါနေတဲ့ ရွှေဝါရောင်မီးတောက်
မီးလျှံလိုပါပဲကွယ်......
ကျောင်းရှေ့က စံပယ်ရုံမှာ ဗီးနပ်ရဲ့ နက္ခတ်တို့
တလက်လက် ပြာဝေမှုန်သင်း ကျောင်းခန်းအတွင်းမှာ လမင်းကလေးသာခဲ့ဖူးတယ်...........
ချစ်သောကျောင်းသွားဖော်ရဲ့ ပန်းရုပ်လွာကို မျော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ မြရာပင်ကြီးသိပါတယ်......
ကမ္ဘာဦးလူတို့လည်း (ဂူနံရဲံမှာ) ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှိကြီးများရယ် ပါဋ္ဌိစာလုံးတွေနဲ့
ငါ့မပေါ်မဆုံးဖြတ်ပါနဲ့ဦး......
ငါဘာကိုမှ မကြောက်ခဲ့ဘူး...
ဟောဒီလောက
တောက်လျှောက် `ကျောက်သင်ပုန်းပေါ်က သုညနဲ့ စာရင် ဗလာစာအုပ်ပေါ်က သုညက
မြတ်တယ်´ တဲ့ ....အဲဒီအောင်သံကို ငါရယ်နေခဲ့တယ် ..သွေးနဲ့ ယက်တဲ့
ကတ္တီပါစလို နီလွရှင်းတောက် ကြောက်ခမန်းလိလိ လှပတဲ့ နှလုံးသား ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ ကမ္ဗည်း လကွယ်ညရောက်တိုင်း ငါ ဂစ်တာတီးနေမယ်.........
ကျဆုံးတော့မယ့် စစ်သူရဲအိုက ငယ်ဘ၀က ဓါး နဲ့ ချစ်သူကို
ပြင်းရှစွာသတိရလိုက်သလိုမျိုး နင့်ကိုငါ သတိရနေတယ်.....
..`.................´ရေ သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှုာ
ငါလယ်သမားဖြစ်ချင်တယ် ..နင်ဘုရင်မလာမလုပ်ရဘူးနော် ....တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ သံလျှက်အတွက် ပန်းခူးပေးခွင့်မပါရဆိုရင်
ရွာဇနပုဒ်ရဲ့ မိုးရေထဲ ငါတစ်ယောက်တည်းမျက်ရည်ဝဲနေရပါဦးမယ်
....
မှောက်ထားတဲ့ ငါ့ရဲ့ ကံကော်ရွက်ဖဲကလေးတွေလောကကြီးကို အမျှဝေရင်း
မြေမျိုခံခဲ့ရတာ ကာလများစွာ ကြာခဲ့ပြီကောလေ ..တောင်ညိုမှာရွာတဲ့ မိုးတွေ
နင့်မျက်နှာကိုတိုးသက်တဲ့ အခါ တောင်ပင်လယ်ကဗေဒါတွေဟာဆောက်တည်
ရာမရဖြစ်ကုန်ကြတယ် .
အက်ဆစ်တိမ်ခိုးတို့ မုတ်သုန်ကို နှိုးပါ ဒီလူဆိုး
အတွက်လည်း မိုးကြမ်းတိုးတစ်စက်စက်ရွာပါ မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ......
ခွဲခွာခြင်းဟာ ခရမ်းပြာကျည်ဖူးကို အဆိပ်ချိုတွေ
လိမ်းသုတ်ပြီး နှလုံးသားတည့်တည့်ဆီ ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်.....
သက်ပြင်းဝေေ၀ ခရေတို့နှင်းစက်ဖားလျား မျက်ရည်ကိုစားတဲ့
ခြောက်ခြားဖွယ်ရာ စကားမဲ့ည ငါဟာထက်ပိုင်းချိုးခံရတဲ့
တစ်ခြမ်းပဲ့`လ´ပဲဖြစ်တယ် ..အိမ်မက်ထဲက ကမ္ဘာစစ်လို အရိုးပြိုင်းပြိုင်း
ညနေအိုက မြေကိုရှိခိုး မြူခိုးတို့ပြောင်းအိညွတ်တွဲ လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ် .....အခင်ဆုံးမဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေအကြောင်းပြောတိုင်း သတိရမိနေကျသူငယ်ချင်းတစ်ယောက်ဆီ
မေ၇ာက်ရောက်အောင်သွားမယ် ..ပြီးတော့ ခရိုးခရိုင် လဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြော
ရင်း ငါ့ကိုငါ
ပြန်လည်ဖန်ဆင်းပစ်မယ်ကွယ်.....
အထီးကျန်တောင်ကို အုပ်စိုးဖို့ နတ်ပြည်က
ရွာချတဲ့ အညတရမိုးရေ နေပါစေတော့ အဲဒီညဟာ တစ်ခြမ်းပဲ လ က
အသက်ပေးပြီးကာကွယ်ခဲ့ရတဲ့ အလံမလဲမီ ညဖြစ်တယ် ........တစ်ယောက်နဲကတစ်ယောက်
မပိုင်ဆိုင်ကြသလိုမျိုး ရိုးသားစွာ တိုးဝှေ့လိုက်ကြပါစို့ ......
ချစ်သူကိုမြတ်နိုးရုံသက်သက်နဲ့ အရာရာကို စောင့်ရှောက်ချင်တဲ့ လူငယ်ခု
ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် ..........တေလေဘ၀ရဲ့ ပထမဆုရ
အမှားတွေကိုလွယ်အိပ်ညိုထဲထည့်ပြီး
မီးအိမ်လက်စွဲ ရာဇ၀င်ထဲ
မှာခရီးဆက်ရဦးမယ်.
`.....................´ရေ ငါဆုတောင်းပေးနေမယ်....
ပန်းခူးရင်း သူငယ်ချင်းတွေနဲ့ နေရင်း စကားပြောရင်း
နင်ငါ့ကိုမေ့သွားမှာပါ........
ခုတော့ သွားတော့နော် ငါချစ်မြတ်နိုးရတဲ့
နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို ` ဘ၀ ´ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့နေရော့မယ်.....
သာမည လမ်းခွဲမှာ ၀မ်းမနည်းသလို
နှုတ်ဆက်လိုက်ပါတယ် ........မနက်ဖြန်ခါတိုင်းမှာ
အောင်မြင်ပါစေ`..........................ရေ.
ရေး သူ.... တာရာမင်း ဝေ